ထန်းတပင် ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအားကစား အခြေခံသင်တန်းများကို ထန်းတပင်မြို့မ အားကစားကွင်း၊ အ.ထ.က(ရေစိုမငေးစု)နှင့် အ.ထ.က (အလိန်လည်)ကျောင်းတို့တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး မတ်လ(၃၁)ရက်နေ့၊ ညနေပိုင်းကသင်တန်းဆင်းပွဲကို မြို့မအားကစား ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
တမျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် မျိုးဆက်သစ်လူငယ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအားကစား အခြေခံသင်တန်းများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မှော်ဘီခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းတွင် ဆုရရှိခဲ့ကြသည့် သင်တန်းသား/သူ များကို ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း နွေရာသီအားကစား အခြေခံသင်တန်းများကို မတ်လ (၃) ရက်နေ့မှမတ်လ (၃၁)ရက်နေ့အထိ ဘော်လီဘော၊ ဘောလုံးနှင့်ပိုက်ကျော်ခြင်း အာကစားနည်းသုံးမျိုးကို ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး အားကစား နည်းသုံးမျိုးသို့ ကျောင်းသား၊ကျောင်းသူ(၁၃၀)ဦးတို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)