မုဒုံ ဧပြီ ၁
မွန်ပြည်နယ် မုဒုံမြို့နယ် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံတွင် ကိုကိုးသီးနှံ စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်း(ဆရာဖြစ်)သင်တန်းဆင်းပွဲ အခမ်း အနားကို ယမန်နေ့က စိုက်ပျိုးရေးအသက်မွေးမှုသင်တန်းကျောင်း(မုဒုံ)၌ ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်) တာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဒေါ်စမ်း စမ်းတင့်က ကိုကိုးသီးနှံ၏ အပင်သဘာဝ အသုံးဝင်ပုံနှင့် စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာများကိုသိရှိပြီး ကိုကိုးပင်စိုက်ပျိုးသူ တောင်သူများထံသို့ နည်းပညာများ ပြန်လည်ပို့ချနိုင်ခြင်းဖြင့် တောင်သူများမှ ကိုကိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာကာ သွင်းကုန်အစားထိုးလျှော့ချနိုင်ခြင်းကြောင့် နိုင်ငံခြားဝင်ငွေ သုံးစွဲမှု လျော့နည်းသက်သာစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ကိုကိုးသီးနှံသည် မွန်၊ကရင်၊တနင်္သာရီဒေသတို့တွင် စိုက်ပျိုးဖြစ်ထွန်းသော သီးနှံဖြစ်သည့်အတွက် နှစ်ရှည်သီးနှံ စိုက်ပျိုးကြသော တောင်သူများအတွက် ကြားသီးနှံအဖြစ် စိုက်ပျိုးနိုင်ကာ စီးပွားရေးအခွင့်အလမ်းအဖြစ် တိုးချဲ့စိုက်ပျိုးရန် လိုအပ်သော အမယ်သစ် သီးနှံတစ်မျိုးဖြစ်ကြောင်း၊ ကိုကိုးသီးနှံသည် ချောကလက်သီးနှံဖြစ်ပြီး ချောကလက်အပြင် ကိုကိုးလ္ဘက်ခြောက် ၊ ကိုကိုးဝိုင်စသည့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် သီးနှံဖြစ်သည့်အတွက် သင်တန်းသား/သူများမှ နည်းပညာများကို ဆက်လက်လေ့လာရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်သူများနှင့် အောင်လက်မှတ်များကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ သင်တန်းကို နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေး ခြံ(ရန်ကုန်၊ကျိုက်ထို၊သထုံ၊မော်လမြိုင်နှင့်ထားဝယ်)မှ သင်တန်းသား/သူ (၃၀)ဦးတို့က ငါးရက်ကြာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)