လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေး ကျင်းပ

ရန်ကုန် ဧပြီ ၁

ကုန်သည်စက်မှုအသင်းချုပ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) အစည်းအဝေးကို ယမန်နေ့တွင် ကျင်းပခဲ့ပြီး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးသက်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဒေဝ၊ အတွင်းရေးမှူး ဒေါ်ချိုသီရိမောင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိသည့် UMFCCI Training Institute မှ သင်တန်းသားပေါင်း (၁၆,၀၀၀) ကျော်၊ MBA ဘွဲ့ရ (၆၅၀) ဦး၊ Japanese Grant Aid (JDS) ပညာသင်ဆုဖြင့် MBA ဘွဲ့ရ (၃၆) ဦး၊ Young Leader Program (YLP)  ပညာသင်ဆုဖြင့် MBA ဘွဲ့ရ (၆) ဦး တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ 

ကော်မတီအစည်းအဝေးတွင် ပညာရပ်နယ်ပယ်နှင့် အဆင့်အလိုက် အရည်အသွေး အာမခံချက်ရှိသော ပညာရှင်/ ကျွမ်းကျင်သူလူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်နိုင်သည့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှုကို တိုက်ရိုက်အထောက်အကူပြုနိုင်သည့် နိုင်ငံတကာ အသိအမှတ်ပြု အဆင့်မြင့်ပညာသင်ကြားရေးဌာနတစ်ခု ဖြစ်ပေါ်လာနိုင်ရန် မျှော်မှန်းချက်ဖြင့် UMFCCI Business Institute တည်ထောင်ရေးလုပ်ငန်းအစီအစဉ် လျာထားချက်ဆိုင်ရာ အခြေခံအချက်များ၊ လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြပြီး UMFCCI Training Institute မှ လက်ရှိဖွင့်လှစ်လျက်ရှိသော သင်တန်းရေးရာများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)