တောင်ကြီး ဧပြီ ၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၁၁)နာရီက တောင်ကြီးခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ခရိုင်/မြို့နယ် စုပေါင်းရုံး၌ တွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ အေးသာယာရပ်ကွက်(၁၀)(၁၁) နားယောင်းရပ်ကွက်၊ မိုင်းသော်(အရှေ့) (အနောက်) ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ဒေသလိုအပ်ချက်များ တင်ပြကြသည်။
ဆက်လက်၍ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ဒေသလိုအပ်ချက် တင်ပြမှုအပေါ် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး တောင်ကြီးမြို့နယ်တွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ တောင်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်မှ လက်ခံရယူကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် မွန်းလွဲ(၁)နာရီခွဲက ဟိုပုံးမြို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်၏ ဒေသလိုအပ်ချက်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိဂုံးချုပ်စကား၌ ပြောကြားသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးမှူး၊ ဆီဆိုင်မြို့နယ်စီမံအုပ်ချုပ်ရေးမှူးတို့မှ အသီးသီး လက်ခံရယူကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)