မူဆယ် ဧပြီ ၁
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသူ/သားများအတွက် အထောက်အကူဖြစ်စေရန်အတွက် ရည်ရွယ်၍ သင်တန်းများကို ဖွင့်လှစ်ခဲ့ရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ နွေရာသီ အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းနှင့်အင်္ဂလိပ် စကားပြောသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နေ့လည်ပိုင်းနှင့် ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။
ယနေ့ မွန်းလွှဲ ၁၂ နာရီ အချိန်က နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက သင်တန်းတက်ရောက်လာသော ကျောင်းသူ/သားများအား သင်တန်းပြီးဆုံးချိန်တွင်လည်း ပန်းချီ ပညာများကို ဆက်လက်လေ့လာသွားဖို့ရန်နှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပန်းချီသင်တန်းဆရာ ဦးရာဇာနှင့် ပန်းချီသင်တန်းတက်သူ ကျောင်းသူတစ်ဦးမှလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။အဆိုပါ အခြေခံပန်းချီးရေးဆွဲနည်းသင်တန်းကို ကျောင်းသား/သူ (၃၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ညနေပိုင်း ၄ နာရီ အချိန်တွင် အခြေခံအင်္ဂလိပ်စကားပြောနည်းသင်တန်းဆင်းပွဲကို ပြုလုပ်ရာတွင်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက စာများများဖတ်ဖို့ရန်၊ သင်တန်းပြီးချိန်တွင် အင်္ဂလိပ်စာများကို ဆက်လက် လေ့လာနေစေဖို့ရန် နှင့်စာကြည့်တိုက်တွင်လည်း စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းနိုင်ကြောင်း အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းဆရာမ ဒေါ်သဇင်ငြိမ်းအေးက အခုလို သင်ကြားခွင့်ရတဲ့အတွက်ဝမ်းသာကြောင်းနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းသား/သူများကလည်း တစ်ဦးချင်း မိတ်ဆက်ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇင်မောင်(ပြန်/ဆက်)