၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဟိုပန် ဧပြီ ၁

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၊ အစည်းအ‌ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က“ ယခုနှစ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အလားတူ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင်လည်း ယခင်နှစ်ထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းထားသည့် ကော်မတီများအနေဖြင့် အမည်စာရင်းပါဝင်ခြင်းသာမဟုတ်ပဲ အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်ကြောင်း ၊အားနည်းချက်မရှိစေရေးကော်မတီအချင်းချင်းညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရန်၊ လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ရန်၊ရပ်ကွက်များနှင့် တိုင်းရင်သားယဉ်ကျေးမှုအဖွဲ့များမှ သင်္ကြန်ယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်မှုတွင် ပါဝင်ဆောင်ရွက်ကြရန်၊ ကော်မတီအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို တင်ပြပေးရန်ပြောကြားခဲ့ပါသည်။

ထို့နောက် လုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။ တင်ပြချက်များနှင့် ပတ်သက်၍ ဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ အဆိုပါအစည်းအဝေးသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး လာမည့်အပတ်တွင် အပြီးသတ် အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)