ပျဉ်းမနား မတ် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေလျက်ရှိသည့် သံဃာတော်များနှင့် သီလရှင်များအား ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် တာ၀န်ရှိသူများက ယနေ့မွန်းလွဲပိုင်းက ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ ဖြေဆိုနေမှုများအား မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများက ကြီးကြပ်ဆောင်ရွက်ကြသည်။ အဆိုပါ ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ယနေ့တွင် ပထမကြီးတန်း ဝင်ရောက်ဖြေဆိုသူ သံဃာ ၄၅ ပါး၊ သီလရှင် ၃ ပါး၊ ပထမလတ်တန်း ဝင်ရောက်ဖြေဆိုသူ သံဃာ ၁၃ ပါး၊ သီလရှင် ၁ ပါး၊ ပထမငယ်တန်း ဝင်ရောက်ဖြေဆိုသူ သံဃာ ၆၇ ပါး၊ သီလရှင် ၁၉ပါး၊ အခြေပြုမူလတန်း ဝင်ရောက်ဖြေဆိုသူ သံဃာ ၇၁ ပါး၊ သီလရှင် ၂၁ပါး စုစုပေါင်း စာဖြေသံဃာနှင့် သီလရှင် ၂၄၀ပါး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။ ထိုသို့ ဖြေဆိုနေမှုများအား ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)