ကျောက်ဆည် မတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၁၁) နာရီက စမ်းဝတီသဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းမှ ဈေးနှုန်းသက်သာစွာဖြင့် ကျယ်ပြန့်စွာ ထုတ်လုပ်လျက်ရှိသော သီးနှံမျိုးစုံ အထွက်တိုးအောင်မြင်စေရေး သဘာဝပစ္စည်းများဖြင့် ဖော်စပ်ထုတ်လုပ်ထားသည့် စမ်းဝတီ သဘာဝမြေဩဇာအကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက စမ်းဝတီ သဘာဝမြေဩဇာသည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အဓိကတီထွင်ထုတ်လုပ်ထားသည့် မြေဩဇာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်အောင်က စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး ဓာတုမြေဩဇာများအစား သဘာဝမြေဩဇာများ ဦးစားပေးသုံးစွဲကြစေရေးနှင့် စမ်းဝတီ သဘာဝမြေဩဇာ ထုတ်လုပ်ရေးမန်နေဂျာ ဦးနိုင်နိုင်အောင်က စပါးသီးနှံ၊ ဂျုံ၊ ပြောင်း သီးနှံမျိုးစုံနှင့် ဆီထွက်သီးနှံများ၊ စားဖိုဆောင်သီးနှံများ၊ နှစ်ရှည်သီးနှံများတွင် စမ်းဝတီမြေဩဇာ ထည့်သွင်းအသုံးပြုရမည့် အချိုးအစားများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စမ်းဝတီသဘာဝ မြေဩဇာဖြင့် နွေးစပါး(၁)ဧက စမ်းသပ်စိုက်ပျိုးသွားမည့် ပင်တလည်ကျေးရွာမှ တောင်သူ ဦးမောင်စိုးထံသို့ မြေဩဇာ(၄)အိပ် အခမဲ့ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နွေသီးနှံများ စိုက်ပျိုးရာတွင် နွေစပါး(၅၅၃)ဧက၊ နွေနှမ်း(၃၂၉၁၆)ဧက၊ ပဲတီစိမ်း(၇၄၀၄)ဧက၊ မိုးကြိုဝါ(၃၀၀)ဧက၊ စုစုပေါင်း(၄၁၁၇၃)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)