နောင်ချိုမြို့နယ်၌ နွေရာသီ(အခြေခံ)အားကစားသင်တန်းဆင်းပွဲကျင်းပ

နောင်ချို မတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ နွေရာသီ(အခြေခံ) အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို နောင်ချိုမြို့နယ် အားကစားရုံ၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသက်ပိုင်ထွန်းက သင်တန်းဆင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် နွေရာသီ(အခြေခံ) အားကစားသင်တန်းသို့ ပြီးဆုံးအောင် တက်ရောက် ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း၊ အားကစားနည်းအလိုက် လေ့ကျင့်သင်ကြားပေးခဲ့သော နည်းပြများအား ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ နောင်ချိုမြို့နယ် ကိုယ်စားပြု Fitness Danceအကဖြင့် ယှဉ်ပြိုင်ခဲ့သော သမီးငယ်လေးများမှ Fitness Dance အကဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

နွေရာသီ(အခြေခံ)အားကစားသင်တန်းကို နောင်ချိုမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလကို မတ်လ(၁၅)ရက်နေ့မှ (၃၀)ရက် နေ့ထိ (၁၆)ရက်ကြာ ဖွင့်လှစ်ကာ နည်းပြ (၉)ဦးမှ လေ့ကျင့်သင်ကြားပေးခဲ့ပြီး စားပွဲတင်တင်းနစ်၊ ကြက်တောင်ရိုက်၊ ပိုက်ကျော်ခြင်း၊ ဘောလုံးစသည့် အားကစားနည်း(၄)မျိုးကို သင်တန်းသား၊ သင်တန်းသူ (၂၅၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)