လယ်ဝေးမြို့ စမတောင်မဟာပရဟိတတွင် ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

လယ်ဝေး မတ် ၃၁

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ စမတောင်မဟာပရဟိတတွင် ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  ညွှန်ကြား​ရေး​မှူးချုပ်ဒေါ်လဲ့လဲ့အေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သည့် ဦးဝင်းရွှေ၊ ဒေါက်တာမင်းသိဏ်း၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မဟာပရဟိတလူငယ်ဖွံ့ ဖြိုးရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းခန်းမတွင်  ငလျင်ဘေးအန္တရာယ်​အသိပညာပေးဟောပြောပွဲ ကျင်းပရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ ကျန်းမာရေးဦးစီးဌာနမှငလျင်ဘေးကြောင့် တွေ့ရှိရမည့်လူနာများအား အဆင့်သတ်မှတ်ခြင်း၊ အရောင်သတ်မှတ်ခြင်းများ၊  ကြက်ခြေနီတပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရရှိလာသည့် ဒဏ်ရာရလူနာများအား ရှေးဦးပြုစုရေး စသည်တို့ကိုအသိပညာပေးဟောပြောသည်။ ဆက်လက် ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်မှုအား ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ငလျင်သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုအစီအစဥ်ပြုလုပ်ရာ နေပြည်တော် ကောင်စီဝင်ဦးမြင့်စိုးတက်ရောက်၍ ငလျင်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုအစီအစဥ်ကို ကြည့်ရှုအားပေးပြီး ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်းဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ ဆွေးနွေးပြောကြားပြီး ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်းတွင်ပါဝင်သော စမတောင်ပရဟိတကျောင်းမှ ကျောင်းသား​၊ ကျောင်းသူများအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)