မိုးနဲမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲကို (၄၇)ပါး ဝင်ရောက်ဖြေဆို

မိုးနဲ မတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဥယျာဉ်ဘုန်းတော်ကြီးကျောင်းတိုက်စာဖြေဌာန၌ သာသနာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရပါဠိ ပထမပြန်စာမေးပွဲ စတုတ္ထနေ့ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို ရှမ်းပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ပထမကြီးတန်းတွင် (၈)ပါး၊ ပထမလတ်တန်းတွင် (၁၂)ပါး၊ ပထမငယ်တန်းတွင် (၂၄)ပါး၊ အခြေပြုမူလတန်းတွင် (၁၃)ပါး စုစုပေါင်း (၅၇) ပါးဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ပထမကြီးတန်းတွင် (၇)ပါး၊ ပထမလတ်တန်းတွင် (၁၂)ပါး၊ ပထမငယ်တန်းတွင် (၂၀)ပါးနှင့် အခြေပြုမူလတန်းတွင် (၈)ပါး စုစုပေါင်း (၄၇) ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ပထမကြီးတန်းအနေဖြင့် အဘိဓာန်၊ အလင်္ကာ၊ ဆန်းဘာသာရပ်ကိုလည်းကောင်း၊ ပထမလတ်တန်းအနေဖြင့် သုတ္တန္တိကမာတိကာနှင့် ဓါတုကထာဘာသာရပ်ကိုလည်းကောင်း၊ ပထမငယ်တန်းအနေဖြင့် တိကမာတိကာ၊ ဒုကမာတိကာနှင့် ဓါတုကထာဘာသာရပ်ကိုလည်းကောင်း၊ အခြေပြုမူလတန်းအနေဖြင့်  တိကမာတိကာဘာသာရပ်ကိုလည်းကောင်း အသီးသီးဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှစ၍ ဧပြီလ ၃ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်အပါအဝင် ကြီးကြပ်ကိုယ်တော် (၁၀)ပါးနှင့် စာဖြေသံဃာတော် (မူ၊ငယ်လတ်၊ကြီး) (၄၇)ပါး ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)