ပျဉ်းမနား မတ် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ရွာကောက်ရပ်ကွက်ရှိ မင်္ဂလာဗျူဟာသာသနာ့ ဗိမာန်တော်ကြီးအတွင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖြေဆိုနေမှုများအား မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေး အဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများက ကြီးကြပ် ဆောင်ရွက်ကြသည်။ အဆိုပါ ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မတ်လ ၃၀ ရက်နေ့တွင် ပထမကြီးတန်း ဝင်ရောက်ဖြေဆိုသူ သံဃာ ၄၅ ပါး၊ သီလရှင် ၃ ပါး ၊ ပထမလတ်တန်း ဝင်ရောက်ဖြေဆိုသူ သံဃာ ၁၃ ပါး၊ သီလရှင် ၁ပါး၊ ပထမငယ်တန်း ဝင်ရောက်ဖြေဆိုသူ သံဃာ ၆၇ ပါး၊ သီလရှင် ၁၉ပါး၊ အခြေပြုမူလတန်း ဝင်ရောက်ဖြေဆိုသူ သံဃာ ၇၁ ပါး၊ သီလရှင် ၂၁ပါး စုစုပေါင်း စာဖြေသံဃာနှင့် သီလရှင် ၂၄၀ပါး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)