ဒဂုံဆိပ်ကမ်း မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီ အခြေခံ အားကစားသင်တန်းများဖြစ်သည့် ဝူရှူး၊တိုက်ကွမ်ဒို၊ ဂျူဒို၊ ဘောလုံးသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၅)အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ ဘုရင့်နောင် ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်က လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်များကို အကျိုးရှိရှိ အသုံးချတတ်စေရန် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ အားကစားနှင့်ကျန်းမာရေးသည် လူတိုင်းအတွက် အကျိုးရှိပါကြောင်း၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားကို လိုက်စားသင့်ပါကြောင်း၊ အားကစားတိုးတက်မြင့်မားလာစေရန်၊ နိုင်ငံကိုကိုယ်စားပြုသော အားကစားသမားကောင်း ဖြစ်ပေါ်လာစေရန်၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မား လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းဆင်းကျောင်းသား/သူများအား တာဝန်ရှိသူများကသင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး အားကစားနည်းအလိုက် သင်တန်းသား/သူများက သရုပ်ပြကစားနေမှုအား မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းများကို အခြေခံပညာကျောင်းများတွင် မတ်လ(၁) ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ