သာကေတ မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ကျက်သရေဆောင်(၁၀၈)တောင် မဟာဗောဓိစွယ်တော်ရှင် စေတီတော်မြတ်ကြီး၏ ပုပ္ပာရုံတန်ဆောင်းတွင် ပြည်လုံးချမ်းသာအောင်တော်မှုတန်ဆောင်း၌ ကိန်းဝပ်စံပါယ်တော်မှုမည့် ကျောက်စိမ်းဗုဒ္ဓရုပ်ပွားဆင်းတုတော်သည် မတ်(၃၀)ရက်နေ့ နံနက်(၉)နာရီမှ တန်ခူးလပြည့် (၄.၄.၂၀၂၃)ရက်နေ့ နံနက်(၅)နာရီအထိ ရင်ငွေ့ခိုလှုံလျက်ရှိသည်။
သာကေတမြို့နယ်(၁၀၈)တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော်ကြီး၏ အရှေ့မြောက် တနင်္ဂနွေထောင့်တွင်တပ်ရှိသော ပြည်လုံးချမ်းသာအောင်တော်မှုတန်ဆောင်းကို လွန်ခဲ့သော(၁၉၉၁)ခုနှစ်က တည်ဆောက်ခဲ့ပြီးယခုအခါ စေတီတော်ဂေါပကအဖွဲ့ဉက္ကဋ္ဌ ဦးမြင့်သိန်းနှင့်ဂေါပကအဖွဲ့ဝင်များမှကြီးကြပ်၍ အဆိုပါတန်ဆောင်းအား ဘက်စုံပြန်လည်ပြုပြင်မွမ်းမံလျက်ရှိရာ တန်ဆောင်းအတွင်းရှိ ဂုဏ်တော်အမြင့်(၉)ထောင်တိတိ (၁၃ ပေ ၆ လက်မ)ရှိ ကပ်ကျော်ဆုတောင်းပြည့် ပြည်လုံးချမ်းသာအောင်တော်မှုဗုဒ္ဓရုပ်ပွား ဆင်းတုတော်ရှေ့တွင် အဆိုပါကျောက်စိမ်းဗုဒ္ဓရုပ်ပွားဆင်းတုတော်သည် ကိန်းဝပ်စံပါယ်တော်မှုမည်ဖြစ်ကြောင်း စေတီတော်ဘဏ္ဍာရေးမှူး ဦးနိုင်မိုးကပြောကြားခဲ့သည်။
အဆိုပါကျောက်စိမ်းဗုဒ္ဓရုပ်ပွားဆင်းတုတော်သည် ဂုဏ်တော်အမြင့်(၂)ပေရှိပြီး တင်ပျဉ်ခွေထိုင်စျာန်သမာပတ်ဝင်မုဒြာရုပ်ပွားဆင်းတုတော်ဖြစ်ကာ ဦးလှအောင်+ဒေါ်ခင်ခင်ကြီး၊ ညီမ-ဒေါ်ခင်မေသိုက်၊ သား-မောင်စိတ္တအောင်၊ မောင်သုခအောင်၊ မောင်ဝဏ္ဏအောင်တို့က လှူဒါန်းခြင်းဖြစ်ပြီး (၄-၄-၂၀၂၃)တန်ခူးလပြည့် နံနက် ၅ နာရီတွင် ပြည်လုံးချမ်းသာအောင်တော်မှုတန်ဆောင်း၌ ဗုဒ္ဓဘိသေကဘနေကဇာတင်ဖြစ်သည်။ ယခုအခါ အဆိုပါ ကျောက်စိမ်းဗုဒ္ဓရုပ်ပွားဆင်းတုတော်အား ပုပ္ပာရုံတန်ဆောင်းတွင် ရင်ငွေလှုံထားလျက်ရှိပြီး မည်သူမဆိုလာရောက်ဖူးမြော်ကြည်ညိုနိုင်ကြောင်း စေတီတော်ဘဏ္ဍာရေးမှူး ဦးနိုင်မိုးထံမှ သိရသည်။
မိုမို့သူ(ပြန်/ဆက်)