လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)တွင် အလယ်တန်းအဆင့် အင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲ ကျင်းပ

ပျဉ်းမနား မတ် ၃၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အကျိုးရှိစေမည့် ကာယ၊ ဉာဏဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး အလယ်တန်းအဆင့် အင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က “လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန် လူငယ်များအတွက် အကျိုးရှိစေမည့် သင်တန်းများ၊ ဟောပြောဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိပါကြောင်း၊ နွေရာသီကျောင်းပိတ်ကာလတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အင်္ဂလိပ်စာအခြေခံ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အလယ်တန်းအဆင့် အင်္ဂလိပ်စာ Grammar သင်တန်းကို မတ်လ(၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ အပတ်စဉ် (ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ)နေ့တိုင်း နံနက်(၉)နာရီမှ (၁၁) နာရီအထိ သင်တန်းသား(၃၀)ဦးဖြင့် (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)