သံဖြူဇရပ်မြို့နယ်၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သံဖြူဇရပ်    မတ်   ၃၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံ၍ လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၃၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန့်မာ့ရိုးရာယဥ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းသည့်အနေဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရေး၊ ရပ်ကွက်ကျေးရွာများမှလည်း စတုဒီတာများနှင့် ရေကစားမဏ္ဍပ်များ စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်ကြစေရေး၊ နွေရာသီရေရှားပါးမှုမှ ကင်းဝေးစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စေသနာရှင်အဖွဲ့များမှပူးပေါင်းပြီး နေ့စဥ်ရေဂါလံ(၂၅၀၀)ခန့် ပေးဝေနေမှု၊ ​​မြေအောက်ရေခမ်းခြောက်မှုမရှိစေရေး ချောင်းပိတ်၊ မြောင်းပိတ်များပြုလုပ်ခြင်းနှင့် ခေါပငံချောင်း  ပြန်လည်တူးဖော်နေမှု၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ငလျင်ဘေးသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ထားပြီးဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်မှု ပြုလုပ်ကြရေးနှင့် လုံခြုံရေးအထူး သတိပြုဆောင်ရွက်ကြစေရေး အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ လူဦးရေနှင့် သန်ခေါင်စာရင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအ​ခြေအနေ၊ ဘင်္ဂါလီများ မြို့နယ်အတွင်း ဝင်ရောက်မှုမရှိစေရေး ဆွေးနွေးသည်။

အစည်းအဝေးသို့တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ အပြန်အလှန်တင်ပြဆွေးနွေးရာတာဝန်ရှိသူမှ ပြန်လည်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)