တံတားဦး မတ် ၃၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ် မူလတန်းအဆင့်သင် ဆရာ၊ ဆရာမများ ဘာသာရပ်မွမ်းမံသင်တန်းသို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်စာစောင်ပြပွဲ၊ နံရံကပ်ဓါတ်ပုံပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်း ဆောင် ရွက်ပေးကြောင်း သိရသည်။
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ငှားရမ်းဖတ်ရှုလေ့လာသင့်ပါကြောင်း၊ ဒါ့အပြင် ဆရာ၊ ဆရာမအဆင်ပြေစေရန်အတွက် သုတ၊ ရသစာအုပ်စာစောင်မျိုးစုံများ စီစဉ်ထားရှိပြီး စာအုပ်အသစ်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့ သောစာအုပ်များကို စနစ်တကျလေ့လာမှတ်သားနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်ထံမှ သိရသည်။
ထို့နောက် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်ဓါတ်ပုံပြပွဲတို့ကို ဆရာ၊ ဆရာမများက စိတ်ဝင်တစား လေ့လာဖတ်ရှုကြ ပြီး Mobile စာကြည့်တိုက်ကို အခမဲ့ငှားရမ်းပေးသည်။ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူများစာပေကို အလွယ်တကူဖတ်ရှု လေ့လာနိုင်ရေးအတွက်ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများ အရောက်လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့သို့လည် မည်သူမဆိုအခမဲ့ အသင်းဝင်ရောက်ပြီး အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်းသိရသည်။
ရဲတင့်( ပြန်/ဆက်)