လားရှိုး မတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီပရိ၀ုဏ်အတွင်းရှိ လျောင်းတော်မူမြတ်စွာဘုရားအား ဌာပနာသွင်းလှူပူဇော်ခြင်းအခမ်းအနားကို အဆိုပါလျောင်းတော်မူမြတ်စွာ၌ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးအမှူးပြုသော စေတနာရှင်၊ အလှူရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြပြီး လားရှိုးမြို့နယ် သံဃနာယကဥက္ကဋ္ဌ၊ အဂမဟာသဒမ္မဇောတိကဓဇ၊ အဂမဟာကမ္မဌာနာစရိယ၊ အဂမဟာဂန္တဝါစက ပဏ္ဍိတ၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုရ ဒေါက်တာဘဒ္ဒန္တပုညနန္ဒ အမှူးပြုသောစေတနာရှင်၊ အလှူရှင်များက သွင်းလှူမည့်ဌာပနာများဖြင့် လျောင်းတော်မြတ်စွာဘုရားအား သုံးကြိမ် လှည့်လည်ပူဇော်ခဲ့ကြသည်။ ထို့နောက် တိုင်းမှူးနှင့် စေတနာရှင်၊ အလှူရှင်များက လျောင်းတော်မူ မြတ်စွာဘုရား ဦးခေါင်းတော်နှင့် ဝမ်းဗိုက်တော်တို့တွင် ဌာပနာများသွင်းလှူပူဇော်ခဲ့ကြသည်။
ဆက်လက်၍ လားရှိုးမြို့နယ် သံဃနာယကဥက္ကဋ္ဌ၊ အဂမဟာသဒမ္မဇောတိကဓဇ၊ အဂမဟာကမ္မဌာနာစရိယ၊ အဂမဟာဂန္တဝါစကပဏ္ဍိတ၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုရ ဒေါက်တာဘဒ္ဒန္တ ပုညနန္ဒနှင့် စေတနာရှင်အလှူရှင်များက စုပေါင်းမေတ္တာပို့သခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်