ထန်းတပင်မြို့နယ်၌ ဆုတောင်းပြည့်ပေါ်တော်မူ မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို(၁၆၀)ကြိမ်မြောက် ကျင်းပပြုလုပ်သွားမည်

ထန်းတပင်(ရန်ကုန်) မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသောဆုတောင်းပြည့်ပေါ်တော်မူ မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို အဆိုပါကျောင်းတိုက်ကြီးတွင် နှစ်စဥ်ကျင်းပပြုလုပ်လျက်ရှိပြီး (၁၆၀)ကြိမ်မြောက်အဖြစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကိုလည်း ဧပြီလ(၂)ရက်နေ့မှစတင်၍ ဧပြီလ(၄)ရက်နေ့အထိသုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြသိန်းတန်ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန၊ နာယကဆရာတော်ဘဒ္ဒန္တသုမနထံမှ သိရသည်။

ဆုတောင်းပြည့်ပေါ်တော်မူ မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ရှေ့ယခင်နှစ်ပေါင်းအတော်ကြာကပင် နှစ်စဉ်တန်ခူးလဆန်း(၁၃)ရက်၊ (၁၄)ရက်၊ (၁၅)ရက်နေ့တိုင်း(၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိရာ ဖူးမျှော်ကြည်ညို သဒ္ဓါပွားများသူဧည့်ပရိတ်သတ်များဖြင့် ဘုရားပွဲတော်ရက်များတွင် နှစ်စဥ်စည်ကားလျက်ရှိသည်။

ပွဲတော်ရက်မစတင်မီ ဧပြီလ(၁)ရက်နေ့တွင်လည်း မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသတင်းသုံးရာဌာနမှ ဂန္ဓကုဋီတိုက်သို့ ပင့်ဆောင်ပူဆော်သွားမည်ဖြစ်သလို သံဃာတော်အရှင်သူမြတ်များမှ ပဌာန်းတရားတော်မြတ်ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဝတ်အသင်းသူ၊ အသင်းသားများမှလည်း ဝတ်ရွတ်ဖတ်ပူဇော်ခြင်းတို့ကိုဆောက်ရွက်သွားမည်ဖြစ်ပြီး စေတနာရှင်အလှူရှင်များမှလည်း စတူဒီသာများဖြင့်ကျွေးမွေးလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ရက်ကာလအတွင်း လာရောက်မည့်ဧည့်ပရိသတ်များအတွက်ကိုလည်း စေတနာအလှူရှင်များက စုပေါင်း၍ ပွဲတော်ရက်များ၌ နံနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် အာဟာရထမင်း၊ စတုဒီသာ အကျွေးအမွေးများဖြင့် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

မြသိန်းတန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ဉာဏ်တော်ငါးပေမြင့် မတ်ရပ်ပုံတော်ဖြစ်ပြီး ရွှေသင်္ကန်းဝတ်ရုံလျက် လက်တော်အစုံဖြင့် အရှေ့ဘက်တွင် သပိတ်တော်ကိုပိုက်ချီထားကာ ဆွမ်းခံကြွချီတော်မူဟန်သည် ကြည်ညိုဖွယ်ရာ အလွန်ကောင်းလှပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သက်သတ်လွတ်သစ်သီးဆွမ်းဖြင့် ဆက်ကပ်လှူဒါန်းလျှင် ဆုတောင်းပြည့်ဝအောင်မြင်မှုများရရှိကြောင်းလည်း သိရသည်။ 

ဇင်မင်းထိုက်(ထန်းတပင်)