ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နယ်အတွင်းရှိ တပ်ကုန်းနှင့် နန်းကွေ့ IDPs စခန်းများမှ မူလနေရပ် ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် ပြည်သူများအား သွားရောက်ထောက်ပံ့

မြစ်ကြီးနား မတ် ၃၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများ ယာယီခိုလှုံရာစခန်းများဖြစ်သည့် တပ်ကုန်းနှင့် နန်းကွေ့စိန် ယောဟန် IDPs စခန်းများမှ အိမ်ထောင်စုများသည် ၎င်းတို့၏ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့ အခြေချ နေထိုင်ကြမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ အဆိုပါ အိမ်ထောင်စုများအား ယနေ့ နံနက် ၇ နာရီခွဲက တပ်ကုန်းနှစ်ခြင်း IDPs စခန်း၌ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။

ရှေးဦးစွာ မူလနေရပ်ကျေးရွာများသို့ ပြန်လည်အခြေချနေထိုင်ကြမည့် IDPs စခန်း (၂)ခုမှ အိမ်ထောင်စုများ၊ စခန်းတာဝန်ခံများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် နေရပ်စွန့်ခွာပြည်သူများ ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချ ထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ နေရပ်ကျေးရွာ များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် မိသားစုများအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည့် အပြင် နေရပ်ကျေးရွာများတွင် လည်း မိမိတို့အနေဖြင့် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က တပ်ကုန်းနှစ်ခြင်း IDPs စခန်းမှ ၎င်းတို့၏နေရပ် ဝိုင်းမော်မြို့နယ် ကဇူးယန် ကျေးရွာ၊ ဂါးရာယန်ကျေးရွာနှင့် ဒဘတ်ယန်ကျေးရွာများတွင် ပြန်လည်ရွှေ့ပြောင်း နေထိုင်ကြမည့် အိမ်ထောင်စု(၅၈)စုနှင့် နန်းကွေ့စိန်ယောဟန်စခန်းမှ နေရပ်မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာအုပ်စုသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု(၉)စု စုစုပေါင်း အိမ်ထောင်စု (၆၇)စုတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် ဆန် (၁)အိတ်၊ ဆီ (၁)ပိဿာ၊ ငွေကျပ် (၁)သိန်းစီတို့ဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးကျပ် ၁၂၂၆၁၀၀၀ နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေ၊ ပြောင်းရွှေ့စရိတ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါဝင်သည့် ပစ္စည်းပုံးများဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးကျပ် ၁၂၇၀၂၃၄၀ ကို အသီးသီးထောက်ပံ့ပေး အပ်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ကလေးငယ်များအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ သည်။  

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ခေမာသီရိကျောင်းတိုက် ပရဝုဏ်အတွင်း တည်ထားကိုးကွယ်မည့် နဂါးရုံဗုဒ္ဓရုပ်ပွားတော် ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး နဂါးရုံဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်မည့် နေရာ၌ ကျောင်းထိုင် ဘုန်းတော်ကြီး၊ ဆရာတော်သံဃာတော်များ၊ အလှူရှင်များနှင့်အတူ မင်္ဂလာချိန်တွင် သတ်မှတ်နေရာ အသီးသီးတွင် ပန္နက်ရိုက်တင်ပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မြစ်ကြီးနားတက္ကသိုလ်သို့ သွားရောက်ပြီး တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာဖြေလွှာများအား စစ်ဆေးဆောင်ရွက်မည့် စာစစ်မှူးများနှင့် တွေ့ဆုံ သည်။

ထို့သို့ တွေ့ဆုံရာတွင် ပါမောက္ခချုပ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာရပ်အလိုက် စာဖြေလွှာများ လက်ခံရရှိမှုအခြေ အနေများ၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများစုဖွဲ့၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့်အညီ စစ်ဆေးဆောင်ရွက်နိုင်ရေးနှင့် ဆရာ၊ ဆရာမ များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စာစစ်မှူးများနှင့် ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေကျပ် ၂၅ သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြစ်ကြီးနားတက္ကသိုလ်အတွင်း ဘာသာရပ်အလိုက် စာစစ်ဌာနများဖွင့်လှစ်၍ အခြေခံပညာနှင့် အဆင့်မြင့်ပညာတို့မှ ဆရာ/ဆရာမပေါင်း (၅၄၀)ကျော်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ ၅ သောင်းကျော်အား စစ်ဆေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)