ဒလမြို့နယ်(Community Centre)ခန်းမ၌ ပန်းချီအခြေခံသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံ သင်တန်းဆင်းပွဲကျင်းပ

ဒလ မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပန်းချီအခြေခံသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံ သင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာဝင်းက ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ အသိပညာဗဟုသုတကြွယ်ဝလာစေရန်၊ အချင်းချင်းချစ်ကြည်ရင်းနှီးမှုရှိလာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပန်းချီသင်တန်းဆရာဦးစိုးမြင့်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းပြီးသွားသည့်အခါမှာလဲ ပန်းချီပညာကို ဆက်လက်လေ့လာရေးဆွဲကြရန်၊ ယခုပန်းချီအခြေခံသင်တန်းမှ တစ်ဆင့်ပန်းချီပညာရှင်များဖြစ်အောင် ကြိုးစားကြရန်ပြောကြားခဲ့သည်။ ဆက်လက်ပြီး အင်္ဂလိပ်စာဆရာမဒေါ်လှလှရီက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပေးသော အင်္ဂလိပ်စာအခြေခံများကို လက်တွေ့အသုံးချရန်၊ ဆက်လက်လေ့လာကြရန်စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပန်းချီအခြေခံသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းကို စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြင့်ဇော်(ပြန်/ဆက်)