သန်လျင် မတ် ၃၁
သန်လျင်ခရိုင်နှင့် သန်လျင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ သီဟဒီပအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ လူငယ်လူရွယ်များ နွေရာသီတွင် တန်ဖိုးရှိသည့်အချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အားကစားလေ့ကျင့်ကစားခြင်းဖြင့် ကျန်းမာသန်စွမ်းသောလူငယ်များ၊ ဥာဏ်ရည်ထက်မြက်သောလူငယ်များပေါ်ထွန်းလာပြီး အခြေခံမှသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော အားကစားသမားကောင်းများဖြစ်အောင် ယခုထဲကလေ့ကျင့်ကြိုးစားကြရန်လိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ အားကစားနည်းများအလိုက် သင်ကြားပြသပေးခဲ့ကြသော နည်းပြဆရာများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်မင်းထိုက်က ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ အားကစားနည်းအလိုက်သင်တန်းဆင်းလက်မှတ်များကို သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအောင်မြင့်က ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ အားကစားသမားများက အားကစားနည်းအလိုက် သရုပ်ပြသကြသည်၊ အဆိုပါသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ရေကူး၊ ကရာတေးဒို၊ မြန်မာ့သိုင်း၊ အပြေး၊ Fitness Dance အားကစားနည်း(၉)မျိုးတွင် အားကစားသမား(၆၀၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)