မောက်မယ် မတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ်ဆောင်းရာသီ သီးနှံစိုက်ပျိုးရာတွင် ရေဆင်း−၁၅မျိုး ဆောင်းပဲပုတ်သီးနှံနှင့် နေကြာသီးညှပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေပြီဖြစ်ကြောင်း မောက်မယ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
မောက်မယ်မြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရေး၊ ဒေသခံရှမ်းတိုင်းသားများ၏ အဓိကစားသုံးသည့် ပဲပုတ်သီးနှံ အထွက်တိုးစေရေးအတွက် နေကြာနှင့်သီးညှပ် စိုက်ပျိုးကာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ဖြန့်ဖြူးသည့် ရေဆင်း−၁၅မျိုးကို စပါးအပြီး သီးထပ်စိုက်ပျိုးသည့် စံပြစိုက်ခင်းများကို ဒေသခံတောင်သူများက ပိုမိုစိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်နည်းစနစ်များ မှန်ကန်စေရန် စိုက်ပျိုးရေးသုံး သွင်းအားစု ပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးတတ်စေရန်နှင့် ပိုးမွှားရောဂါ ကြိုတင် ကာကွယ်ရေး ဆောင်ရွက်ရန် နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ခံကွင်းဝန်ထမ်းများက နယ်မြေကွင်းဆင်းပြီး ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)