မက်မန်းမြို့နယ်တွင် နေ့အလိုက် နှစ်ရှည်/နှစ်ချင်း သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း ပညာပေးသင်တန်း ဖွင့်လှစ်

မက်မန်း မတ်  ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ တာကော်လေးကျေးရွာအုပ်စုနှင့် ရောင်အူ “ဝ”ကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးတောင်သူများအား နေ့အလိုက် နစ်ရှည်/နှစ်ချင်း သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း ပညာပေးသင်တန်းကို မက်မန်းမြို့နယ်၊ တာကော်လေးကျေးရွာတွင် ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် တာကော်လေးကျေးရွာ၊ နာလုံကျေးရွာ၊ နာဟုံကျေးရွာ၊ ရောင်းအူ “ဝ”ကျေးရွာ၊ မငေါက်ကျေးရွာ၊ ပန်ကလော်ကျေးရွာနှင့် ကာပိတ်ကျေးရွာများရှိ စိုက်ပျိုးရေးတောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ရှည်/နှစ်ချင်းသီးနှံများ စနစ်တကျ ဒေသတွင်းစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးပညာရှင်များက ကျေးရွာများအရောက် ကွင်းဆင်း၍ စိုက်ပျိုးနည်းစနစ်များ မှန်ကန်မှုရှိစေရန် သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်သည်။ ကျေးရွာများရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့်လည်း နှစ်ရှည်/နှစ်ချင်း သီးနှံများ စိုက်ပျိုး၍ မိသားစုစားဝတ်နေရေးအား တိုးတက်အောင် ဖန်တီးနိုင်မည့် အခွင့်အလမ်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ(၅)ဦးမှ ကျေးရွာ(၇)ရွာရှိ စိုက်ပျိုးရေးတောင်သူ(၁၈၀)ဦးအား (၂)ရက်တာ သင်တန်းဖွင့်လှစ်ပေးမည်ဖြစ်သည်။ သင်တန်းတွင် စိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးနည်းစနစ်များ သိရှိနိုင်ရေးအတွက် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးမျိုးခိုင်ထံမှ သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)