ပေါင် မတ် ၃၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းကာ နွေရာသီမြန်မာ့ရိုးရာအခြေခံသိုင်းပညာသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပေါင်မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက လူငယ်များနွေရာသီကျောင်းပိတ်ရက်၌ အချိန်ကို အကျိုးရှိစွာအသုံးချပြီး မိမိကိုယ်ကိုကာကွယ်တတ်စေရန်၊ အားကစားဖြင့် ကာယ၊ ဉာဏစွမ်းရည် ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ အနာဂတ်၌နိုင်ငံ့သားကောင်းများဖြစ်လာစေရေး အမှာစကားပြောကြားသည်။
ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး နည်းပြဒေါ်အေးသီတာအောင်က မြို့နယ်အတွင်း လူငယ်များဘက်စုံဖွံ့ဖြိုးရေး နွေရာသီအားကစားသင်တန်း ဖွင့်လှစ်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေးနွေးက ပညာရပ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုများနှင့် အခြေခံအဆင့်မှသည် နိုင်ငံ့လက်ရွေးစင်ဖြစ်သည်အထိ ကြိုးပမ်းဆောင်ရွက်စေရေး ဆွေးနွေးပြောကြားသည်။
အဆိုပါသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ လူငယ်(၁၆)ဦးတို့တက်ရောက်ကြပြီး သင်တန်းတွင် အခြေခံမြန်မာ့သိုင်းပညာ(၆၃)ကွက်တို့ကို စနစ်တကျအခမဲ့သင်ကြားပေးသွားမည်ဖြစ်ကာ မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၁၂)ရက်နေ့အထိ(၁၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)