ကျောက်ဖြူ မတ် ၃၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျောက်ဖြူခရိုင်အမျိုးသမီးကော်မတီဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က အမျိုးသမီးများ၏ အခွင့်အရေးများကို အလေးထားအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နှစ်စဉ်မတ်လ(၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ်အသိအမှတ်ပြုပြီး အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ်ကျင်းသလို မြန်မာ နိုင်ငံတွင်လည်း ကျင်းပပြုလုပ်ကြောင်း၊ ယခုအခါ နိုင်ငံအတွင်းရှိ ကလေးသူငယ်အမျိုးသမီးငယ်များမှာ လက်ကိုင်ဖုန်းအသုံးပြုသူများပြီး ကောင်းမွန်သည့်နည်းပညာများကို အတုယူအသုံးပြုမည့်အစားနည်းလမ်းမှားအသုံးပြုလျှင် အလွန်အန္တရာယ်များပြီး အကျိုးကျေးဇူးမရရှိနိုင်သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာတိုးတက်လာမှုကြောင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် Online အကြမ်းဖက်မှုအများအပြားရှိနေကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးသမီးများ၏ အခွင့်အရေးများနှင့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်သောဌာနများမှ ဝန်ထမ်းများကို ကော်မတီဝင်များအဖြစ် ပါဝင်ဆောင်ရွက်ထားရှိခြင်းဖြစ်သည့်အတွက် မိမိတို့ဌာနအလိုက် အမျိုးသမီးများအခွင့်အရေး ပြည့်ဝစွာရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးပြောကြားပေးစေလိုကြောင်းနှင့် အမျိုးသမီးကော်မတီဝင်များ၏ လုပ်ငန်းတာဝန်(၁၇)ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ကျောက်ဖြူခရိုင် အမျိုးသမီးကော်မတီဝင်များမှ မိမိတို့ဌာနအလိုက်ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေး နွေးတင်ပြရာ ခရိုင်အမျိုးသမီးကော်မတီ ဉက္ကဋ္ဌမှတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ခရိုင်အမျိုးသမီးကော်မတီဉက္ကဋ္ဌနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)