မိုင်းရယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကျင်းပ

မိုင်းရယ်   မတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ဥပဒေတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အသိပညာပေးဟောပြောပွဲတွင် မိုင်းရယ်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပေါ်ပေါက်လာပုံနှင့် နိုင်ငံတော်မှအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနောင်ထက်အောင်က ကလေးသူ ငယ်အကြမ်းဖက်ခြင်းဆိုင်ရာများဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် ကလေးသူငယ်များအား လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းဆိုင်ရာ များကိုဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးဝေဖြိုးက ကလေးသူငယ်များအား အကြမ်းဖက်ခြင်းဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်