ပင်းတယ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲကျင်းပ

ပင်းတယ မတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး (ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား/ ကျောင်းသူ များအား နွေရာသီကျောင်းပိတ်ရက်တွင် အသိပညာ၊ အတတ်ပညာများ ရရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင်ပို့ချလိုက်သည့် သင်ခန်းစာများကို လက်တွေ့အသုံးချကြရန်၊ အားလပ်သည့်အချိန်များတွင် စာပေဗဟုသုတများကို လေ့လာဖတ်ရှုကြရန် ပြောကြားသည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က သင်တန်းနည်းပြဆရာမအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်သူများအား အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါသင်တန်းကို မတ်လ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ စာတွေ့လက်တွေ သင်ကြားပေးခဲ့ပြီး သင်တန်းသား/ သင်တန်းသူ (၂၀)ဦးတက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)