ဗဟန်း မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစား သင်တန်းများဖြစ်ကြသည့် မြန်မာ့သိုင်း(ဗိုဗီနမ်)၊ ဝူရှူး၊ Fitness Dance နှင့် ဘောလုံးသင်တန်း ဆင်းပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကိုလတ်မှ အဖွင့်အမှာစကားပြောကြားတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အားကစားနည်းတစ်ခုခု၏ အခြေခံပညာရပ်ကို လေ့ကျင့်လိုက်စားခြင်းဖြင့် ဗလငါးတန်နှင့် ပြည့်စုံတဲ့မျိုးဆက်သစ် အားကစားသမားလူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရန်အတွက် နွေရာသီကျောင်းပိတ်ရက်များတွင် အခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်သန်းက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးပြီး၊ အ-ထ-က(၁)နှင့် အ-ထ-က(၃)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးများက သင်တန်းဆင်းကျောင်းသား/ကျောင်းသူများအား၊ အားကစားနည်းအလိုက် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးနိုင်က မြန်မာ့သိုင်း(ဗိုဗီနမ်)၊ ဝူရှူး၊ Fitness Dance နှင့်ဘောလုံးပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား ဆုများချီးမြှင့်ပေးခဲ့သည်။
ထို့နောက် သင်တန်းသူ/သားများမှ မြန်မာ့သိုင်း(ဗိုဗီနမ်)စွမ်းရည်ပြသခြင်း၊ ဝူရှူး(တရုပ်သိုင်း)သရုပ်ပြခြင်း၊ ဝူရှူး(တရုပ်သိုင်း) စွမ်းရည်ပြသခြင်းနှင့် Fitness Dance သရုပ်ပြသခြင်းများဖြင့် သရုပ်ပြကစားခဲ့ကြသည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းများကို အခြေခံပညာကျောင်းများတွင် မတ်လ ၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
စန္ဒာမိုး