ပြင်ဦးလွင် မတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီက mTube ဗီဒီယို ရိုက်ကူးပေးပို့ နည်းသင်တန်း ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများသတင်းအချက်အလက်သိပိုင်ခွင့် (ACCESS TO INFORMATION) ကိုအထောက်အကူဖြစ်စေရန် အတွက် NEW MEDIA များကို အသုံးပြု၍ နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် နိုင်ငံတော်အစိုးရက အသိထုတ်ပြန်သည့်သတင်းများကို ပြည်သူလူထု သိရှိစေရန်အတွက်လည်းကောင်း၊ ပြည်သူလူထုအတွင်း ဖြစ်ပေါ်နေသောသတင်းများကို နိုင်ငံတော်အစိုးရ သိရှိစေရန်အတွက်လည်းကောင်း သတင်းများအပြန်အလှန် စီးဆင်းရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် New Media Platform များဖြစ်သည့် Facebook ၊ Telegram ၊ Twitter ၊ VK ၊ Youtube ၊ Blog ၊ Vimeo နှင့် Website များကိုအသုံးပြု၍ သတင်းများလွှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလည်း mTube video streaming Platform တွင် ဗီဒီယိုများလွှင့်တင်၍ သတင်းများ ထုတ်လွှင့်တင်ဆက်လျက်ရှိပါကြောင်း၊ သတင်းဗီဒီယိုများ လွှင့်တင်ဖော်ပြရာတွင် သာမန်သမရိုးကျ အခမ်းအနားသတင်းများအစား နောင်တွင် ပြန်လည်ကိုးကား အသုံးပြုနိုင်မည့် သတင်းအချက်အလက် မှတ်တမ်းပါသည့် သတင်းများကို ဦးစားပေးလွှင့်တင် ဖော်ပြရန်နှင့် mTube သတင်းဗီဒီယို ရိုက်ကူးပေးပို့ရာတွင် သတင်းအရည်အသွေးကောင်းမွန်သော သတင်းဗီဒီယိုတင်ဆက်မှုများဖြစ်စေရေး ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား မတ်လ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ နံနက် (၁၀) နာရီမှ (၁၂) နာရီ အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ဗီဒီယိုဖိုင်တည်းဖြတ်ခြင်း၊ အသံသွင်းခြင်း၊ ဗီဒီယိုဖိုင် (export)ထုတ်ခြင်း စသည့် ဗီဒီယိုတည်းဖြတ်ခြင်းလုပ်ငန်း အဆင့်ဆင့်အကြောင်း၊ ဗီဒီယိုရိုက် ကူးရာ တွင် ဆောင်ရန်/ရှောင်ရန် အချက်များနှင့် ဗီဒီယိုဖိုင်များကို ပေးပို့နည်းများကို ခရိုင်ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Zoom Virtual System ဖြင့် ပြင်ဦးလွင်ခရိုင်ရုံးကြီးကြပ်မှုအောက်ရှိ မြို့နယ်/ မြို့ရုံးများ မှ ဝန်ထမ်းများအား သင်ကြား ဆွေးနွေးပေးမည်ဖြစ်ကြောင်း သိရသည်။
ဖြူလူသစ် [ခရိုင် (ပြန်/ဆက်)]