နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်စားသုံးသူရေးရာကော်မတီ၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်  မတ် ၃၁

နေပြည်တော်စားသုံးသူရေးရာကော်မတီ၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွှဲ (၃)နာရီတွင် နေပြည်တော်ကောင်စီအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပူပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ စားသုံးသူနှင့်ပတ်သက်ပြီး စားသုံးသူ၏ အခွင့် အရေးနှင့် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို စားသုံးသူကိုယ်တိုင် လိုက်နာဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ထုတ်လုပ်သူ၊ ရောင်းချသူ၊ လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက် ရမည့်တာဝန်များကိုလည်း နားလည်ဖို့လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာဥပဒေဖြင့် ထိန်းကျောင်းပေးခြင်းသည် စားသုံးသူနှင့် လုပ်ငန်းရှင်များကြား နှစ်ဦးနှစ်ဖက်မနစ်နာစေရန်နှင့် ခေတ်မှီသည့်မြို့တော်ဖြစ်လာစေရန် GreenCity၊ Smart City၊ Clean City ဖြစ်လာစေရန် အထောက်အကူဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်းက ယခင်အစည်းအဝေးမှတ်တမ်းများ ဖတ်ကြားခြင်း၊ မှတ်တမ်းတွင်ဆောင်ရွက်ရန် ကျန်ရှိနေမှုများ ဆွေးနွေးခြင်းနှင့် အမှာစာများအား တင်သွင်း ဖတ်ကြားသည်။

ယင်းနောက် နေပြည်တော်စားသုံးသူရေးရာကော်မတီဝင်များက မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)