ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ကာလအတွင်း သင်္ကြန်တေးသီချင်းများဖြင့်ကပြဖျော်ဖြေပြီး ပြိုင်ပွဲဝင်နိုင်ရန်အတွက် ဌာနဆိုင်ရာသင်္ကြန်ယိမ်းအဖွဲ့ အကတိုက်လေ့ကျင့်

ကျောက်ဖြူ   မတ်  ၃၁

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း သင်္ကြန်တေးသီချင်းများဖြင့်ကပြဖျော်ဖြေပြီး ပြိုင်ပွဲဝင်နိုင်ရန်အတွက် ဌာနဆိုင်ရာသင်္ကြန်ယိမ်းအဖွဲ့မှာ မတ်လဒုတိယအပတ်မှစတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် အကတိုက်လေ့ကျင့်လျက်ရှိသည်။

ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင်ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များနှင့် မြို့မိ၊ မြို့ဖများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပလေ့ရှိသည့် ရခိုင့်ရိုးရာနံ့သာသွေးပြိုင်ပွဲကိုလည်း ထည့်သွင်းပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။ ထို့အပြင်သင်္ကြန်ပွဲတော်ကာလအတွင်းဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ အခြေခံပညာဦးစီးဌာနမှ ယိမ်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်များမှ ယိမ်းအဖွဲ့များကသင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေ ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီးလက်ရှိတွင် ဌာနဆိုင်ရာယိမ်းအကအဖွဲ့မှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အကတိုက်လေ့ကျင့်လျက်ရှိကာ ကျန်ရှိနေသည့် သင်္ကြန်ယိမ်းအကအဖွဲ့များမှာလည်း စုရပ်နေရာသီးသီး၌ အကတိုက်လေ့ကျင့်လျက်ရှိသည်။ ဗဟိုမဏ္ဍပ်ဖွင့်ပွဲတွင် မန်းတောင်ရိပ်ခိုသီချင်းအား သီဆို၍သင်္ကြန်ယိမ်းအကအလှသမီးပျိုလေးများက ယိမ်းအကများဖြင့် ကပြသီဆိုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။ 

ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ကာလအတွင်း ဗဟိုမဏ္ဍပ်တွင် ရခိုင်အဆိုတော် တေးသံရှင်များ၊ ယိမ်းအကအလှအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတများ၊ ယိမ်းအကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူ များအား အဆိုပါမဏ္ဍပ် ရှေ့၌ စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်းဦး(ခရိုင် ပြန်/ဆက်)