ပုဗ္ဗသီရိ မတ် ၃၀
ပုဗ္ဗသီရိမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက တောင်သူများအား ရာသီအမီ နွေသီးနှံစိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့ နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၃၉ ကွင်း အားလည်းကောင်း၊ သပြေတန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၄၁ ကွင်းအားလည်းကောင်း၊ သပြေကုန်းကျေးရွာ အုပ်စု၊ ကွင်းအမှတ် ၁၆၄၃ ကွင်းအားလည်းကောင်း နွေသီးနှံစိုက်ပျိုးခြင်း မရှိသေးသည့် တောင်သူများနှင့်တွေ့ဆုံ၍ ရာသီအမီ နွေသီးနှံ အမြန်စိုက်ပျိုးနိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ရာ တောင်သူများမှလည်း နွေသီးနှံများ အမြန်ထွန်ယက် စိုက်ပျိုးမည့်အခြေအနေများအား ပြန်လည်တင်ပြခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)