မိုးညှင်း မတ် ၃၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ယခုလအတွင်းဖြစ်ပွားခဲ့သည့် လေဘေးနှင့် မီးဘေးသင့်ပြည်သူများအတွက် ခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မတ်လ (၂၈)ရက် နံနက်ပိုင်းမှ စတင်၍ ထောက်ပံ့ငွေများနှင့် ပစ္စည်းများ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် မိုးညှင်းမြို့နယ် ဟဲလုံကျေးရွာအုပ်စုတွင် မတ်လ ၁ ၈ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ သည့် အိမ်ခြေ(၁၃)အိမ်၊ အိမ်ထောင်စု (၁၃)စုနှင့် လူဦးရေ (၅၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် နှစ်သိန်း ခုနှစ်သောင်း၊ လူဦးရေ (၅၇)ဦးအတွက် ဆန်ရိက္ခာ ခုနှစ်ရက်စာ တန်ဖိုးငွေ ကျပ် (၁၁၉၇၀၀) စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၈၉၇၀၀)အား တာဝန်ရှိသူများမှ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ မိုးညှင်းမြို့နယ် ဟိုပင်မြို့ မြသီတာရပ်ကွက်ရှိ ယူနီယံဆန်စက်တွင် မတ်လ(၂၀)ရက် ညနေ(၃)နာရီခွဲက မြေစိုက်လူနေအိမ်(၂)လုံး မီးလောင်ကျွမ်းခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် သုံးသိန်း၊ လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာ ခုနှစ်ရက်စာ တန်ဖိုးငွေကျပ် (၂၅၂၀၀) စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၂၅၂၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ နှစ်ပုံးတို့အား ဘေးသင့် ပြည်သူများထံ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု မြိုင်သာယာကျေးရွာ မြိုင်သီတာရပ်ကွက်နေ ဦးမင်းဇော်၏ နေအိမ်တစ်လုံး မတ်လ(၂၃)ရက် နံနက်(၃)နာရီတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ တစ်စိတ် တစ်ပိုင်း ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် အိမ်ထောင်စု တစ်စု၊ လူဦးရေ (၆)ဦးအား အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် သုံးသောင်း၊ လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာ ခုနှစ်ရက်စာ တန်ဖိုးငွေကျပ် (၁၂၆၀၀) စုစုပေါင်း ထောက်ပံ့ ငွေကျပ် (၄၂၆၀၀)အား မိုးညှင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့သို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
ရွှေမိုးညှင်း