တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးစစ်‌ဆေးခြင်းများဆောင်ရွက်

တောင်ဥက္ကလာပ   မတ်  ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာ‌စေရေးအတွက် ယ‌နေ့နံနက်(၈:၃၀)နာရီအချိန်က  သံသုမာလမ်းမကြီး ဘေလီတံတားမီးပွိုင့်အနီးတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးစစ်‌ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုများလျော့နည်းကျဆင်းပပျောက်စေရေးအတွက် မော်တော်ယာဉ်မောင်းနှင်သူများအား ယာဉ်များမောင်းနှင်ရာတွင် ခါးပါတ်ပတ်ပြီးမောင်းနှင်ရန်၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးမပြုကြရန်၊ ယာဉ်နံပါတ်ပြားဖောင်းကြွများတပ်ဆင်‌ရေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းစသည့် လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် အများပြည်သူခရီးသွားများ ယာဉ်တိုက်မှုမဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ်မတော်ဆမှုများ ကင်းရှင်းစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ယာဉ်စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)