ကွမ်းခြံကုန်းမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း ဖွင့်ပွဲကျင်းပ

ကွမ်းခြံကုန်း အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မနက်ပိုင်းက ဈေးပိုင်း ရပ်ကွက်ရှိ ဇာတိမာန်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှသူမှ အထူးရဲသင်တန်းနှင့် ပတ်သက်၍ သင်တန်းသားတစ်ဦးချင်းစီတိုင်း လိုက်နာကျင့်သုံးရမည့် စည်းကမ်းကျင့်ဝတ်များ၊ မဲရုံလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် သင်ကြားမည့် ဘာသာရပ် များအား ကြိုးစားသင်ယူလေ့ကျင့်ကြရန်တို့ကို ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် လူ့အခွင့်အရေး၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ၊ ရဲကျင့်ဝတ်၊ ရာဇသတ်ကြီးဥပဒေ၊ ရဲအက်ဥပဒေ၊ ရာဇဝတ် ကျင့်ထုံးဥပဒေ၊ ရဲလက်စွဲဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ သတင်းမီဒီယာဥပဒေနှင့် အခြေခံ စစ်ရေးပြသခြင်းတို့ကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၃)အုပ်စု၊ ကျေးရွာ ခွဲပေါင်း(၁၃၅)ရွာတွင် ဆန္ဒမဲပေးနိုင်မည့်မဲရုံပေါင်း (၁၈၀)အတွက် အထူးရဲ(၁၈၀) ခန့်အပ်သွားမည်ဖြစ်ပြီး ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ကာလဖြစ်သဖြင့် သင်တန်းကို နေရာ(၄)ခု ခွဲ၍ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)