တွံတေး မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၏ဦးဆောင်မှု တွံတေးခရိုင်၊ တွံတေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲကို ယမန်နေ့ညနေ ၃ နာရီက မြို့မဘောလုံးကွင်းနှင့်သက်ဆိုင်ရာအားကစားခန်းမများတွင် ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
ယခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများတွင် ဘောလုံး၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ကြက်တောင်၊ မြန်မာ့သိုင်းအားကစားနည်း(၆)မျိုးတို့ကို သက်ဆိုင်ရာအားကစားနည်းအလိုက် နည်းပြများက အခြေခံနည်းစနစ်များလေ့ကျင့်သင်ကြားပေးတာဖြစ်ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ကာယဖွံ့ဖြိုးရေးကျန်းမာကြံခိုင်ပြီး ခန္ဓာကိုယ်သန်စွမ်းရေးအတွက် ယခုကဲ့သို့နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့်ပြီး မြန်မာ့အားကစားအဆင့်အတန်းတိုးတက်ရေးအတွက် အခြေခံကျသော ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား ပြုစုပျိုးထောင်ပေးနိုင်ခြင်း၊ နွေရာသီအားလပ်ရက်များအား အကျိုးရှိစွာအသုံးချနိုင်ခြင်း၊ အားကစားဆောင်ရွက်ခြင်းဖြင့် ကျန်းမာသန်စွမ်းသော မျိုးဆက်သစ်အားကစားသမားကောင်းများပေါ်ထွက်လာခြင်း၊ အခြေခံမှသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွန်းရေးအတွက် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သင်တန်းကိုမတ်လ(၁၀)ရက်နေ့မှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဘောလုံးတွင်(၆၉)ဦး၊ ဘော်လီဘောတွင်(၂၄)ဦး၊ တိုက်ကွမ်ဒိုတွင်(၄၀)ဦး၊ ကြက်တောင်တွင်(၄၆)ဦး၊ စားပွဲတင်တင်းနစ် (၁၀)ဦး စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၁၈၉)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
တွံတေးသား