သပိတ်ကျင်း၊ အောက်တိုဘာ ၂
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မှန်ကန် ပြည့်စုံသော မဲဆန္ဒရှင်စာရင်းများရရှိစေရန်၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာ (၁) ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံးများတွင် ကြေညာကပ်ထားပြီ ဖြစ်သည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ (၁) ရက်နေ့မှ အောက်တိုဘာ (၁၄) ရက်နေ့အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် (၁၄) ရက်ကြာ ကြေညာကပ်ထားမည်ဖြစ်ပြီး၊ မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းများကို လာရောက်ကြည့်ရှု့စစ်ဆေးပြီး မိမိ၏အမည်စာရင်းမပါဝင်ပါက ပုံစံ(၃)ဖြင့် လည်းကောင်း၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း၊ မပါဝင်သင့်သည့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်လည်းကောင်း လျှောက်ထားဆောင်ရွက်နိုင်ပြီး လိုအပ်သည့်ပုံစံများကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် (အခမဲ့)ရယူနိုင်ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်း ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၂)အုပ်စုတို့တွင် မဲရုံပေါင်း (၁၀၁) ရုံ ထားရှိပြီး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၁၀၄၅၇၉)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)