နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေဆိုင်ရာ အသိပညာမျှဝေ ဆွေးနွေးခြင်း အခမ်းအနားတက်ရောက်

နေပြည်တော် မတ်  ၃၀

နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မှုကို အထောက်အကူပြုစေရန်နှင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို ပိုမိုသိရှိနားလည်ပြီး၊ လိုက်နာဆောင်ရွက်မှုပိုမိုအား ကောင်းလာစေရန်ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စီးပွားရေးလုပ်ငန်း ရှင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေဆိုင်ရာ အသိပညာမျှဝေ ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက်(၄)ရပ်ကို ချမှတ်၍ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက် လျက်ရှိရာ  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စီးပွားရေးလုပ်ငန်းများ စုစည်းခိုင်မာ အားကောင်းပြီး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အချင်းချင်းအထောက်အကူပြု ဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းများကို နည်းလမ်းတကျ၊ စည်းစနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏မြို့တော်ဖြစ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို Smart City ဖြစ်စေရေး ဦးတည်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအပါအဝင် သက်ဆိုင်ရာဥပဒေများကို လေးစားလိုက်နာပြီး၊ တာဝန်ကျေသော နိုင်ငံသား ကောင်း၊ ဒါရိုက်တာကောင်း၊ အဖွဲ့အစည်းကောင်းများအဖြစ် ရှင်သန် ရပ်တည်လျက်၊ Smart People၊ Smart Company၊ Smart Organizationများ ဖြစ်ထွန်းပေါ်ပေါက် လာအောင် ကြိုးပမ်း ဆောင်ရွက်ရင်း မိမိအကျိုးစီးပွား၊ အဖွဲ့အစည်းအကျိုးစီးပွား၊ ဒေသအကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွားတို့ကို မျှတစွာဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေဆိုင်ရာအသိပညာမျှဝေဆွေးနွေးပြီး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဆွေးနွေးချက်များကို ဖြည့်စွက် ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)