ဇမ္ဗူသီရိ မတ် ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များဖိတ်ခေါ်၍ ပြိုင်ပွဲများပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတများကြွယ်ဝစေရန်၊ ကျန်းမာပျော်ရွှင်၍ ဉာဏ်ရည်ထက်မြက်စေရန်ရည်ရွယ်၍ ယခုလိုပြည်သူ့စာကြည့်တိုက်သို့ဖိတ်ခေါ်ပြီး ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ဇမ္ဗူသီရိ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများကဦးဆောင်၍ ကလေးငယ်များအား ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများကိုပြုလုပ်ပေးရာ ပြိုင်ပွဲတွင်ဆုရရှိသည့် ကလေးငယ်များအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲသို့ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်အတွင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး တက်ရောက်ခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)