ပျဉ်းမနား မတ် ၃၀
ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏လိုအပ်ချက်များနှင့် အခွင့်အရေးများအပြည့်အဝ ရရှိစေရန်အတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ အာဟာရသုခဈေးသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်းဝေနှင့် မြို့နယ်အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင်များက ရောင်းချလျက်ရှိသည့် ပဲပြား၊ ခေါက်ဆွဲခြောက်၊ ချဉ်ဖတ်၊ လက်ဖက်များအား တစ်ပါတည်းဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့သည်။ ထို့နောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန(FDA)မှ စားသုံးရန်မသင့် သတ်မှတ်ထားသည့် အစားအသောက်များနှင့် သက်တမ်းလွန် ဆေးဝါးများကို ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ဈေးရောင်းချသူ ပြည်သူများအား စားသုံးသူ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ်အပြင် ကျန်ရှိသည့် မြို့နယ်များ တွင်လည်း ပြည်သူများအနေဖြင့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက် နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)