ပုသိမ်ကြီး မတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး စီမံ ကိန်းအတွက် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်ဝင်းထွန်းက ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားကာ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်က မြို့နယ်အတွင်း ယခုနှစ်နွေစပါးစိုက်ပျိုးမှု အခြေ အနေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းရှင်၊ မျိုးစေ့ထုတ်အစုအဖွဲ့နှင့် သ/မအသင်းများဖြင့် နွေစပါးစီမံကိန်းစိုက်ဧက (၃၅၂၂)ဧကအတွက် တစ်ဧကလျှင် နှစ်သိန်းကျပ်နှုန်းဖြင့် ညီမျှသည့် သွင်းအားစု စိုက်ပျိုးရေး မြေဩဇာများကို ထုတ်ပေးရန် ချေးငွေစာချုပ် ချုပ်ဆိုခဲ့ပြီး၊ တက်ရောက်လာသည့် ဒေသခံ တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုမြေဩဇာများကို တာဝန်ရှိသူ များက အသီးသီးပေးအပ် ခဲ့ပြီး၊ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ ဒုတိယတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ဒေသခံတောင်သူကြီးများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်