မာန်အောင် မတ်၃၀
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရေကြောင်းခရီးသွား ပြည်သူများအား ရေဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် အသက်ကယ်အင်္ကျီ (Life Jacket) ဝတ်ဆင်တတ်စေရန် သရုပ်ပြသခြင်းနှင့် ရေယာဥ်မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့ နံနက်၉နာရီခွဲက မြို့မ သင်္ဘောဆိပ်ကမ်းရှိ တောင်ကုတ်နှင့် မာန်အောင် ပြေးဆွဲနေသော ရှပ်ပြေးအမြန်ရေယာဥ်ပေါ်၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်း၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူးဒုရဲမှူး မောင်မောင်ဖြူနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေကြောင်းခရီးသွားပြည်သူများအား အသက်ကယ်အင်္ကျီ(Life Jacket)ဝတ်ဆင်ပုံ ဝတ်ဆင်နည်း များကို စနစ်တကျ ဝတ်ဆင်သရုပ်ပြသခဲ့သည်။
ထို့နောက် ရေယာဥ်မီးဘေးလုံခြုံရေးအတွက် ရေယာဥ်ပေါ်တွင် မီးသတ်ဆေးဘူးများ ထားရှိ/မရှိ စစ်ဆေးခဲ့ပြီး မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများကို စနစ်တကျ ပြသဆွေးနွေးခဲ့သည်။
မာန်အောင်မြို့နယ်တွင် အလားတူLife Jacket ဝတ်ဆင်သရုပ်ပြသခြင်းနှင့် ရေယာဥ်မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို သစ်ဝကျေးရွာအုပ်စု၊ သစ်ဝဆိပ်ကမ်းတွင်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)