ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် Aerobic & Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဒဂုံအရှေ့ မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန သူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့်သင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော Aerobic&FitnessDance သင်တန်းဆင်းပွဲ အခမ်းအနားကို သူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့်သင်တန်းကျောင်းရှိ ရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာအားကစားနှင့်ကာယပညာဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်ဆွေအေးက သင်တန်းသူများအား သင်တန်းကာလတွင် ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရန်၊ ကိုယ်လက်ကျန်းမာကြံ့ခိုင်စေရန်၊ ဉာဏစွမ်းရည်တိုးတက်စေရန်၊ စိတ်လက်ပေါ့ပါးစေရန်၊ အချိန်ကိုအကျိးရှိစွာ အသုံးချတက်စေရန် Aerobic & FitnessDance သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်သူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိခင်စောမူက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး သင်တန်းသူများက Aerobic&FitnessDance ဖြင့် သရုပ်ပြသခဲ့ကြသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးတင်ဝင်းနှင့်ဌာနဆိုင်ရာများက သင်တန်းသူများကိုသင်တန်းဆင်းလက်မှတ်များနှင့် နည်းပြများအား ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ခဲ့ပြီးနောက် အဆိုပါသင်တန်းအားသူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့်ကျောင်းမှ သူနာပြုဆရာမ(၁၅၀)ဦးဖြင့် သင်တန်းကာလ၁လကြာသင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာပညာဦးစီးဌာနမှ သတင်းရရှိသည်။

ဇွဲမင်းထက်(ပြန်/ ဆက်)