နွေရာသီအခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းဆင်းပွဲ ကျောက်တံတားမြို့ နယ်လူထုအခြေပြုဗဟိုဌာနအတွင်းပြုလုပ်

ကျောက်တံတား မတ်လ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှကြီးမှူး၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မတ်လ၂၀ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့ နေ့လည် ၂ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းဆင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းဝင်းက ပန်းချီသင်တန်းတွင်  စေတနာအရင်းခံနှင့် ပန်းချီပညာကိုလက်ဆင့်ကမ်းသင် ကြား ပေးသည့်ပန်းချီ ဆရာသိုက်ဦးနှင့် သင်တန်းတက်ရောက်အောင် ကူညီပေးကြသည့် မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘများ၊ သင်တန်းပြီးဆုံးသည်အထိ စိတ်ဝင်တစားတက်ရောက်သင်ယူကြသည့် ကျောင်းသူ/ သားများအားလုံးကို အထူးပင်ကျေးဇူးရှိပါကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်က ကျောင်းသား/ သူများအနေနှင့် နွေရာသီကျောင်းပိတ်ရက်များတွင် ယခုလို(ပြန်/ ဆက်)က ဖွင့်လှစ်ပေးနေသည့် သင်တန်းတွေကို တက်ရောက်ခြင်းဖြင့် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်ကြဖို့၊ နည်းပညာပိုင်းဆိုင်ရာများ တက်မြောက်ခြင်းဖြင့် တစ်ချိန်ချိန်မှာ နိုင်ငံတော်အတွက်အားထားရသည့် လူငယ်၊ လူရွယ်လေးများဖြစ်လာမည်ဖြစ်ကြောင်းနှင့် မြို့မိမြို့ဖဆရာ ဦးသိန်းနိုင်က အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးမှုများကို ပြောကြားခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူး ဦးစန်းဝင်းကသင်တန်းဖြစ်မြောက်ရေးပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည့် မြို့မိမြို့ဖဆရာဦးသိန်းနိုင်အား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် သင်တန်းနည်းပြ ဆရာပန်းချီ သိုက်ဦးအားဂါရဝပြုလက်ဆောင်ပေးအပ်ခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်၊ မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်း၊ ဆရာကြီးဦးအောင်သင်းနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မာမာစိုး တို့ကသင်တန်းသား/ သူ (၅၀)ဦးထဲမှ အကောင်းဆုံးပန်းချီရေး ဆွဲနိုင်မှုဆုရရှိသူများ အားဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး သင်တန်းသူ/ သားများအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်မာမာစိုးကအချိုရည်နှင့် ကိတ်မုန့်အာဟာရများ ကျွေးမွေးခဲ့သည်။

သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကျောင်းနေအရွယ်ကလေးငယ်များအနေနှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်းမှာ အချိန်ကိုတန်ဘိုးရှိရှိ အသုံးချတတ်စေဖို့/ ပန်းချီပညာကိုအခြေခံ၍ ဖြတ်ထိုးဉာဏ်တွေရင့်သန်လာစေဖို့/ လူငယ်များ  အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေဖို့နဲ့ စာကြည့်တိုက်ကို ခုံမင်တတ်လာစေဖို့ စသည့် ရည်ရွယ်ချက်များနှင့်  ဖွင့်လှစ်ပေးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေး နဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးထံမှ သိရသည်။

လှလှထွေး(ပြန်/ ဆက်)