နမ့်ခမ်းမြို့တွင် ရွေ့လျား(မိုဘိုင်း)စာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများထံသို့  လက်ဝယ်အရောက် စာအုပ်များ ငှားရမ်းပေးခြင်းဆောင် ရွက်

နမ့်ခမ်း မတ် ၃၀

စာအုပ်စာစောင်များကိုဖတ်ရှုခြင်းဖြင့် အသိပညာဗဟုတများ ပိုမိုတိုးပွားလာစေရန်  ရည်ရွယ်ပြီး စာဖတ်သူများထံသို့ လက်ဝယ်အရောက် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများမှ ယနေ့ နံနက် (၁၁)နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စာပေဖတ်ရှုမှုကို လိုလားကြသော်လည်း စာကြည့် တိုက်သို့ လာရောက်ငှားရမ်းရန် အချိန်မပေးနိုင်၍ စာအုပ်စာပေများကို ဖတ်ရှုနိုင်ခြင်းမရှိကြောင်း သိရှိရသောကြောင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်လွေးစောခင်နှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာရုံးများသို့ စာဖတ်သူစိတ်ကြိုက်စာအုပ်များယူဆောင်ပြီး ကွင်းဆင်း၍ ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

ယနေ့သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သော မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်တင်တင်စန်း (ဦးစီးအရာရှိ)ကလည်း “ကျွန်မတို့ရုံးဝန်ထမ်းကလေးတွေအတွက် စာပေများဖတ်ရှုရလို့ အကျိုးကျေးဇူးများရှိသော‌ကြောင့် ကျေးဇူးများစွာတင်ရှိပြီး နောက်နောင်တွင်လည်း စာအုပ်စာစောင်များကိုယခုလို လာရောက်ငှားရမ်း ပေးစေချင်ပါကြောင်း” ပြောကြားခဲ့သည်။

နမ့်ခမ်း(ပြန်/ဆက်)