မူဆယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ (၁)နှစ်ခွဲအရွယ်ထိ ကလေးသူငယ်များကို လစဉ် ပုံမှန်ကာကွယ်ဆေး ဆေးတိုက်၊ ဆေးထိုး လုပ်ဆောင်

မူဆယ် မတ် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ပြည်သူဆေးရုံးကြီးတွင် ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမား‌ရေးစောင့်ရှောက်မှုများနှင့် ကိုယ်ဝန်ဆောင်ကာလ၌ လိုအပ်သော ကာကွယ်ဆေးထိုးနှံပေးခြင်း၊ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ်ထိ ကလေးသူငယ်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ခြင်းတို့ကို ယနေ့ နံနက်(၉း၀၀)နာရီအချိန်က ထိုးနှံပေးလျက်ရှိပြီး လစဉ် လုပ်ဆောင်လျက်ရှိပါသည်။

အဆိုပါ ကာကွယ်ဆေးမထိုးနှံမှီ ကျန်းမာရေးဌာနမှဝန်ထမ်းများက အပူချိန်တိုင်းတာခြင်း၊ ကလေး သူငယ်များ၏ ကျန်းမာရေးအခြေအနေများကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီး ကလေး၏ မွေးဖွားပြီးအရွယ်နှင့်သက်ဆိုင်သည့် ကြိုတင်ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပါသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် မွေးကင်းစကလေးသူငယ်များတွင် အသည်းရောင်အသားဝါနှင့် ဘီစီဂျီကာကွယ်ဆေး၊ အသက်(၂)လအရွယ်တွင် ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပြင်းထန်းအဆုတ်ရောင်နှင့် ငါးမျိုးစပ်ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ထိုးနှံပေးလျက်ရှိပြီး အသက်(၄)လမှ (၁)နှစ်ခွဲအထိ ကလေးသူငယ်များကို ဝက်သက်-ဂျိုက်သိုးနှင့် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးတို့ကို ထပ်ဆင့်တိုးမြှင့် ထိုးနှံပေးလျက်ရှိပါသည်။ ကလေး သူငယ်များကို ကာကွယ်ဆေးထိုးနှံပေးရာ၌ တစ်ကြိမ်နှင့်တစ်ကြိမ်ကြားတွင် အနည်းဆုံး (၂၈)ရက်ခြား၍ ထိုးနှံပေးပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသည့် ကလေးသူငယ်များအနေဖြင့် ပိုလီယိုအစက်ချဆေးအပြင် ပိုလီယိုထိုးဆေးကိုပါ ပူးတွဲ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မူဆယ်မြို့ ပြည်သူဆေးရုံကြီးတွင် ရက်သတ္တပတ်၏ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့ကို ကိုယ်ဝန်ဆောင် မိခင်များအတွက် လိုအပ်သော ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးနေပြီး အင်္ဂါ၊ ကြာသပတေးနှင့် သောကြာနေ့ရက်တို့တွင် ကလေးသူငယ်များကို အသက်အရွယ်အလိုက် ကာကွယ်ဆေးများ စဉ်ဆက်မပျက် လစဉ်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဌာနမှတာဝန်ရှိသူထံမှ သိရှိရပါသည်။

ဆက်ပိုင်(ပြန်/ဆက်)