မိုးညှင်း မတ် ၃၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပင့်သာကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေ ကျပ်(၄၉၇)သိန်းအား (၇)ကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပင့်သားကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက မြစိမ်းရောင်စီမံကိန်းသည် ကျေးလက်နေပြည်သူများဆင်းရဲမှု လျော့ကျစေရန်၊ မိသားစုဝင်ငွေ တိုးပွားသည့် လုပ်ငန်းများဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရန်ပုံငွေများ ထုတ်ချေးပေးခြင်းဖြစ် ကြောင်း၊ အသင်းသား၊ အသင်းသူများအနေဖြင့် ညွှန်ကြားချက်များနှင့် အညီ ချေးငွေရယူထားသည့် လုပ်ငန်းများကို အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် စီမံကိန်းရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန် စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မိုးညှင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးလင်း၊ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ပင့်သာကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့် အတူ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၉၉)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၂၂)ဦးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၃)ဦး အသင်းသား၊ အသင်းသူ စုစုပေါင်း (၁၂၄)ဦးအား မြစိမ်းရောင်စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်(၄၉၇)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယနေ့အချိန်ထိ ရှမ်းကုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း (၆)ကြိမ်မြောက် အဖြစ် အသင်းသားအသင်းသူ (၇၈)ဦးအား ငွေကျပ် (၅၃၁)သိန်း ကိုလည်းကောင်း၊ လုံးတုံ(စုစည်း)ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း (၇)ကြိမ် မြောက်အဖြစ် အသင်းသား၊ အသင်းသူ (၅၉)ဦးအား ငွေကျပ် (၄၈၃)သိန်းကိုလည်းကောင်း၊ လောဆွန့်နှင့် မှန်ကင်းကျေးရွာတွင် (၈)ကြိမ်မြောက် အဖြစ် အသင်းသား၊ အသင်းသူ (၁၀၉)ဦးအား ငွေကျပ်(၄၉၈)သိန်းကို လည်းကောင်း ကျေးရွာစီမံကိန်း တာဝန်ခံဝန်ထမ်းများ ဦးဆောင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်း အဖွဲ့ဝင်များနှင့် အတူ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေများကို အသီးသီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း