မိုင်းဆတ်မြို့၌ နွေရာသီအားကစားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မိုင်းဆတ် မတ် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ နွေရာသီအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အောင်ဇေယျ ဘက်စုံအားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နွေရာသီအားကစားသင်တန်းဆင်းပွဲအခမ်းအနားတွင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်များကို အကျိုးရှိရှိ အသုံးချတတ်စေရန် ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ပါကြောင်း၊ အားကစားနှင့်ကျန်းမာရေးသည် လူတိုင်းအတွက် အကျိုးရှိပါကြောင်း၊ ငယ်ရွယ်နုပျိုစဉ် တစ်ကိုယ်ရည် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားကို လိုက်စားသင့်ပါကြောင်း၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ အကောင်အထည်အဖော်ဆောင်ရွက်လျက်ရှိရာ နွေရာသီအခြေခံအားကစားသင်တန်းများကို နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ အမျိုးသားအားကစား တိုးတက်မြင့်မားလာစေရန် နိုင်ငံတော်အနေဖြင့်  တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အမျိုးသားအား ကစားလှုပ်ရှားမှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှား ဆောင်ရွက်လာစေရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် ကြစေလိုပါကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က သင်တန်းနည်းပြများကို ဂုဏ်ပြုငွေပေးအပ်ခဲ့ပြီးနောက် ဖူဆယ်ဘောလုံးအားကစားနည်းသင်တန်း ဆင်းလက်မှတ်ကို လည်းကောင်း၊ စစ်တုရင်အားကစားနည်းသင်တန်းဆင်းလက်မှတ်ကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်းက လည်းကောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းသင်တန်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မိုင်းဆတ်ခရိုင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန့်ကလည်းကောင်း၊ စားပွဲတင်တင်းနစ် အားကစားနည်းသင်တန်းဆင်းလက်မှတ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် ဘော်လီဘော၊ ကြက်တောင်ရိုက်အားကစားနည်း သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူတို့ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အားကစားနည်းအလိုက် သင်တန်းသူ/သားများက သရုပ်ပြကစားနေမှုအား ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)