မချမ်းဘော့၌ မီးဘေးလုံခြုံရေး အသိပညာပေးခြင်း ဆောင်ရွက်

မချမ်းဘော့ မတ် ၃၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ဂူးဘားလမ်းဆုံ၊ မြို့မစျေးလမ်းဆုံနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်သည်။

အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက မြို့နယ် ဌာနဆိုင်ရာများနှင့် နေအိမ်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များ၊ မီးဘေးလုံခြုံရေးအတွက် စီမံထားရှိရမည့်အချက်များ၊ လျှပ်စစ်မီးမှတစ်ဆင့် မီးလောင်ကျွမ်းမှု မဖြစ်စေရန် လျှပ်စစ်မီးသုံးစွဲမှုဆိုင်ရာ အချက်များ၊ မိမိနေအိမ်မှတစ်ဆင့် မီးလောင်ကျွမ်းမှုမဖြစ်ပွားစေရန် မီးကြွင်းမီးကျန်များကို စနစ်တကျ ငြိမ်းသတ်ခြင်း၊ ဖယောင်းတိုင်၊ ခြင်ဆေးခွေများ ထွန်းညှိသည့်အခါလည်း မီးကူးစက်မှု မရှိစေရန် ဂရုပြုရမည့် အချက်များကို (Hand Speaker) များဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဝဒမ်းခေါင်ဆင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး မီးဘေးလုံခြုံရေး အသိပညာပေးခြင်းလုပ်ငန်းများကို မချမ်းဘော့မြို့နယ်ရှိ ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)